Dvb election's Blog

ဒီမိုကရက်တစ်မြန်မာ့အသံ ရွေးကောက်ပွဲစာမျက်နှာ

ကသာမြို့နယ်က ၀န်ထမ်းများကို ကြိုတင်မဲပေးရန် ညွှန်ကြား


နော်နိုရင်း ၃၀ အောက်တိုဘာ ၂၀၁၀ (ဒီဗွီဘီ)

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်းမှာရှိတဲ့ အစိုးရ၀န်ထမ်းအားလုံးကို ကြိုတင်မဲ လာပေးကြဖို့ ခရိုင်အဆင့် တာဝန်ရှိသူတွေက မနေ့က စာပို့ အကြောင်းကြားခဲ့တယ်လို့ ၀န်ထမ်းတွေနဲ့ နီးစပ်တဲ့ ကသာမြို့ခံတွေက  ပြောပါတယ်။

ဒါ့အပြင်ဝန်ထမ်းတွေဟာ ကြိုတင်မဲပေးရတဲ့အပြင် ကြံ့ခိုင်ရေးပါတီကိုသာ မဲပေးဖို့ အာဏာပိုင်တွေက ပြောဆိုနေတယ်လို့ အဲဒီကသာမြို့ခံက ပြောပါတယ်။

“၂၉ ရက် ၁၀ လ ၂၀၁၀။ ကြိုတင်မဲဆန္ဒအတွက် ကသာမြို့နယ် ရုံးပေါင်းစုံက ၀န်ထမ်းတွေ အားလုံးကို ကြိုတင်ဆန္ဒမဲပေးရန် ခယကက တရားဝင် စာထုတ် ပြန်တဲ့အကြောင်း ၀န်ထမ်းတွေကနေ တဆင့် ကြားသိရတယ်။ ကြိုတင်မဲဆိုတော့လေ နည်းနည်း မတရားဘူး လုပ်မယ်လို့ ထင်တာပေါ့နော်။ ၀န်ထမ်းတဦးရဲ့ အပြောအရဆိုရင် ကျန်းမာရေးဌာနကပေါ့ ၀န်ထမ်းတဦးဆိုရင် မဲကို ကြိုတင်ပေးပါ။ ပြီးရင် ကြံ့ခိုင်ရေးကို မဲပေးရမယ်လို့ အဲလိုပြောတယ်လို့ သိရပါတယ်။”

ကသာမြို့အပြင် မြို့အသီးသီးက အစိုးရဌာနတွေမှာလည်း အလားတူ ကြိုတင်မဲအဖြစ် ကြံ့ခိုင်ရေးပါတီကို ပေးဖို့ အထပ်အရာရှိအဆင့်ဆင့်က ညှန်ကြားထားတာတွေရှိတယ်လို့ အစိုးရ၀န်ထမ်းအချို့က ပြောပါတယ်။

ရွေးကောက်ပွဲဟာ ဒီမိုကရေစီအခြေခံနှင့် ကင်းကွာနေဟု အမေရိကန်က ပြော


ဒီဗွီဘီ ၂၉ အောက်တိုဘာ ၂၀၁၀

စစ်အစိုးရကကျင်းပမယ့် ရွေးကောက်ပွဲဟာ ဒီမိုကရေစီ အခြေခံတွေနဲ့ ကင်းကွာနေပြီး အပြစ်အနာဆာတွေနဲ့ ပြည့်နှက်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်လိုက်ပါတယ်။ အာရှခရီးစဉ်ရဲ့အစအဖြစ် ဟာဝိုင်ရီကျွန်းကို ရောက်ရောက်ချင်း ၀န်ကြီး ကလင်တန်က အခုလို ဝေဖန်လိုက်တာပါ။

ဒါ့အပြင် စစ်အစိုးရက ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခုံရုံးဖွဲ့စုံစမ်းရေးကိုလည်း ထောက်ခံသွားမယ်လို့ ကလင်တန်က ပြောပါတယ်။

ဝါရှင်တန်က ၀င်လာတဲ့ သတင်းတပုဒ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ၀င်ခွင့်မပေးဘဲ ရွေးကောက်ပွဲပြီးမှ လွှတ်ပေးမယ်ဆိုတာဟာ စစ်အစိုးရရဲ့ သူရဲပေါကြောင်မှု ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဝေဖန်ခဲ့ကြောင်းသိရပါတယ်။

မြတ်ဉာဏ္ဏစိုး(အန်ဒီအက်ဖ်) နှင့် သိန်းတင်အောင်(ယူဒီပီ)တို့ ပူးတွဲ မဲဆွယ်


ဒီဗွီဘီ ၂၉ အောက်တိုဘာ ၂၀၁၀

အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီနဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ (ယူဒီပီ) ပါတီကိုယ်စားလှယ် ၂ ဦး ပူးတွဲ မဲဆွယ်မှုတခု ဒီနေ့ ရန်ကုန်မှာ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ ၄ မှာ ၀င် ရောက်ယှဉ်ပြိုင်မယ့် အန်ဒီအက်ဖ်မှ ဦးမြတ်ဉာဏ္ဏစိုး၊ တာမွေမြို့နယ် ပြည်သူ့လွှတ်တော်မှာ ၀င်ပြိုင်မယ့် ယူဒီပီမှ ဦးသိန်းတင်အောင်နဲ့ အတူ လမ်းပြကြယ်အဖွဲ့က ဦးအေးမြင့်က လိုက်ပါပြီး မဲအောင်နိုင်ရေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မဟာမိတ် ၅ ပါတီထဲက ပါတီ ၂ ခု ပထမဆုံး အကြိမ် ပူးတွဲမဲဆွယ်မှုဖြစ်တဲ့အတွက် ထူးခြားချက် ဖြစ်တယ်လို့ ဦးမြတ်ဉာဏ္ဏစိုးက အခုလို ပြောပြခဲ့ ပါတယ်။

“ဒါကျနော်တို့ ပထမဆုံးပါပဲ။ ဒါဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာလည်း ပထမဦးဆုံးလို့ ပြောလို့ ရပါတယ်။ ပါတီ ၂ ခုဟာ အတူတကွ ကားတန်းအရှည်ကြီးနဲ့ကို ခမောက်အမှန်ခြစ် ဗင်နိုင်း ကပ်ထားတဲ့ ကားရော၊ နောက်တခါ ကိုသိန်းတင်အောင်ရဲ့ မြန်မာပြည်မြေပုံမှာ အမှန်ခြစ်ဆိုတဲ့ကားရော ကားတန်းရှည်ကြီးနဲ့ကို သွားတာပါ။ ပြည်သူလူထုကလည်း ဒါဟာ ဒီမိုကရေစီညီနောင်ပဲ ဆိုပြီး ပိုပြီးတော့ကို သောင်းသောင်းဖျဖျကြိုဆိုပါတယ်။”

“ဦးအေးမြင့်ရယ်၊ နောက်တခါ ယူဒီပီက ကိုသိန်းဌေး၊ ကိုသိန်းတင်အောင်၊ ပြီးတော့ ကျနော်ပေါ့လေ။ ကျနော်က အမျိုးသားလွှတ်တော်ပေါ့နော်။ ကိုသိန်းတင်အောင်က ပြည်သူ့လွှတ်တော်ဆိုတော့ တာဝန်က တူပါတယ်။ ပြီးတဲ့အခါကတော့ မင်္ဂလာတောင်ညွန့်ကို ဆက်သွားပါတယ်။ ပုဇွန်တောင်ကို သွားပါတယ်။ ဒီမိုကရေစီ ညီအကိုများဟာ ညီညီညွတ်ညွတ်နဲ့ လိုက်လံစည်းရုံး ဆောင်ရွက်ပေးပါတယ် ခင်ဗျ။”(ဒီသတင်းနဲ့ပတ်သက်ပြီး ဝေဖန်အကြံပေးလိုပါက  ma@dvb.no ကို ဆက် သွယ်နိုင်ပါတယ်။)

ကြံ့ခိုင်ရေးပါတီ ပါတီဝင် (၁၈) သန်းရှိကြောင်း ပါတီအထွေထွေအတွင်းရေးမှူးပြောကြား


ဒီဗွီဘီ (၂၈ အောက်တိုဘာလ ၂၀၁၀)

နအဖစစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အပါအ၀င် ဗိုလ်ချုပ်ဟောင်း ၀န်ကြီး၊ ဒုဝန်ကြီးတွေနဲ့ ထူထောင်ထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူတို့ပါတီမှာ ပါတီဝင် (၁၈) သန်းရှိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။  ကြံ့ခိုင်ရေးပါတီရဲ့အထွေထွေအတွင်းေ၇းမှူး၊ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းရေးရာဝန်ကြီးဌာန၀န်ကြီး၊ ဟင်္သာတမြို့နယ်မဲဆန္ဒနယ်မြေရဲ့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်လောင်း ဦးဌေးဦးက  မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားလိုက်တာလဲဖြစ်ပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးအသင်းအဖြစ်ကနေ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တဲ့အချိန်မှာ အရင်က ကြံ့ခိုင်ရေးအသင်းဝင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေနဲ့ အစိုးရ၀န်ထမ်းတွေ (၁၀) သန်းဟာ အလိုလျှောက် နှုတ်ထွက် ပြီးသားပေမယ့် ကျန်တဲ့ အရပ်သားအသင်းဝင် (၁၈) သန်းကက ဆက်လက်ပြီး ဆန္ဒအရ ပါတီဝင်အဖြစ် ၀င်ရောက်လာကြတာကြောင့် ဖြစ်တယ်လို့ ပြောဆိုသွားတယ်။

အထွေထွေအတွင်းရေးမှူးကိုယ်တိုင်က အရပ်သား (၁၈) သန်းက ဆန္ဒအရပါတီဝင်ခဲ့ကြတယ်လို့ ပြောပေမယ့် မြန်မာပြည်အနှံက ဒေသတွေမှာ ကြံ့ခိုင်ရေးပါတီက အဓမ္မပါတီဝင်ခိုင်တာ၊ ငွေချေးမတ်လုံးပေး၊ ခြိမ်းခြောက်၊ အကြပ်ကိုင်ပြီး နည်းမျိုးနဲ့ ပါတီဝင်အဖြစ် စုဆောင်းခဲ့တယ်ဆိုတဲ့ အောက်ချေပါတီခေါင်းဆောင်တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး အထက်လူကြီးတွေ မသိတာလား။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်ပြီး ဇွတ်ပြောနေတာလားဆိုတာတော့ သူတို့ကိုယ်တိုင်မှ သိမယ်လို့ အခြားနိုင်ငံရေးပါတီခေါင်းဆောင်အချို့က ဝေဖန်ပြောဆိုထားကြပါတယ်။

ကြိုတင်မဲအဖြစ် ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးရ


နော်နိုရင်း (၂၈ အောက်တိုဘာ ၂၀၁၀) (ဒီဗွီဘီ)

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်အတွင်းမှာ အခုတပတ်ကစပြီး ခရီးဝေးထွက်ရမယ့် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးနေကြပြီး ကြံ့ခိုင်ရေးပါတီကိုပဲ မဲပေးခဲ့ကြရတယ်လို့ သိရပါတယ်။ ကော့သောင်းမြို့နယ်ထဲက ငါးဖမ်းထွက်မယ့်သူတွေကို ငါးဦးစီးဌာနက ကြိုတင်မဲပေးခိုင်းနေတာဖြစ်ပြီး ကျေးရွာရယကတွေဆီကနေ အဲဒီမဲပေးပီးကြောင်းထောက်ခံစာရမှာ ငါးဖမ်းထွက်ခွင့်လက်မှတ် ထုတ်ပေးတယ်လို့ ကော့သောင်းမြို့ခံတဦးက ပြောပါတယ်။

ဒီလိုကြိုတင်မဲထည့်တဲ့အခါမှာလည်း လွတ်လွတ်လပ်လပ် မဲပေးခွင့်မရပဲ ရွေးကောက်ပွဲကောက်မရှင်က ကြံ့ခိုင်ရေးပါတီတကိုသာ ရွေးဖို့ ပြောဆိုတဲ့အပြင် မဲမပေးဘဲနေရင် ငါးဖမ်းခွင့်ထောက်ခံစာမပေးဘူးလို့ ကိုယ်တိုင်ကြိုတင်မဲသွားထည့်တဲ့ ငါးဖမ်းသမားတဦးက အခုလို ပြောပါတယ်။

ငါးဖမ်းသမားတွေဟာ ငါးဦးစီးဌာနဆီကနေ ထွက်ခွင့်လက်မှတ်ယူမှ ငါးဖမ်းထွက်ခွင့်ရတာဖြစ်ပါတယ်။ အခုတော့ ငါးဦးစီးဌာနက မဲပေးပြီးကြောင့်ထောက်ခံစာရမှာ ထွက်ခွင့်လက်မှတ်ပေးတဲ့အတွက် ဒေသခံ ငါးဖမ်း သမားတွေဟာ မဲမပေးလည်း အဓမ္မမဲပေးနေရတာလို့ အဲဒီဒေသခခံက ပြောပါတယ်။

အဲ့ဒီ တနင်္သာရီတိုင်းဒေသကြီးထဲက ကော့သောင်းမြို့နယ် မဲဆန္ဒနယ်မြေအတွင်းမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နှစ်ခုပဲ ရွေးချယ်စရာရှိပြီး အခြားပါတီတွေ ၀င်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့လည်း သိရပါတယ်။

မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက ပြစ်တင်ဝေဖန်


မင်းလွင် ၂၇ အောက်တိုဘာ ၂၀၁၀ (ဒီဗွီဘီ)

မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ တဖြည်းဖြည်း နီးလာတာနဲ့အမျှ နိုင်ငံတကာက ပြစ်တင်ဝေဖန်မှုတွေ ပိုတိုးလာနေပါ တယ်။ အရှေ့တောင်အာရှနိုင်ငံက လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာ့ရေးရာ အာဆီယံအမတ်များအဖွဲ့ကလည်း ပြစ်တင်ဝေဖန်လိုက်ပြီး အာဆီယံအဖွဲ့အနေနဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဖို့ မနေ့က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

မြန်မာရေးရာ အာဆီယံအမတ်များအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ မစ္စအထိချဝုန်င်ဝီယန်က မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ အခုလို သုံးသပ်ပြောဆိုသွားပါတယ်။

“အခု နအဖ ကျင်းပတဲ့ရွေးကောက်ပွဲဟာ ကမ္ဘာ့နိုင်ငံတွေမှာကျင်းပတဲ့ ဒီမိုကရေစီဖြစ်စဉ်ကိုသွားမယ့် ရွေးကောက်ပွဲမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကျမတို့ ခံစားရတာကတော့ မြန်မာပြည်မှာ စစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲလို့ လုံးဝ လုံးဝ မခေါ်ဆိုနိုင်ပါဘူး။ ရွေးကောက်ပွဲအပြီး ရလာမယ့် ရလဒ်တွေကလည်း ကြိုသိထားပြီးသားပါ။ ကျမတို့ မြန်မာနိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ အများကြီး တွေ့ခဲ့ပြီးပါပြီ။ အခု စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲဟာလည်း ဒီမိုကရေစီ အခြေခံစည်းမျဉ်းတွေကို ဖယ်ထုတ်ထားတာကိုလည်း တွေ့ရပါတယ်။”

မနေ့က ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကိုလုပ်ဖို့ အချိန်မနှောင်းသေးဘူးလို့ သူရဲ့ခရီစဉ်အတွင်းမှာ ပြောသွားပါတယ်။ ပြည်ပမှာ ဖွဲ့စည်းထားတဲ့ ဗမာနိုင်ငံလုံးဆိုင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် နိုင်ငံခြားရေးရာကော်မတီက ကိုသွင်လင်းအောင်က ဘန်ကီမွန်းရဲ့ ပြောဆိုချက်အပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“အမျိုးသားပြန်လည်စည်းလုံးညီညွှတ်ရေးလုပ်ဖို့အတွက် အချိန်မနှောင်းသေးပါဘူးလို့ ပြောနေတာဟာ ၂ မျိုးဖြစ်နိုင်တယ်ဗျ။ တခုကတော့ ဒေါ်စုကိုလည်း ပြန်လွှတ်မယ်။ လွှတ်ပြီးတော့ ချက်ချင်းပဲ သူတို့ ဒိုင်ယာလော့တွေဘာတွေ လုပ်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေထဲမှာ ပါနေတဲ့ ကျနော်တို့ လိုအပ်နေတဲ့ အချက်တွေကို ပြင်ပြီးတော့မှ ကျနော်တို့ ပြည်သူတရပ်လုံးက လက်ခံတဲ့ အခြေခံဥပဒေအပေါ်မှာ မူတည်ပြီးတော့ ရွေးကောက်ပွဲလုပ်တယ်ဆိုတာမျိုး အဲဒါမျိုးက အချိန်မနှောင်းသေးဘူးလို့ ပြောတာလည်း ဖြစ်နိုင်တယ်။ နောက်တခုကတော့ သူတို့ အမြဲပြောနေတာ ရှိတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မယ်၊ လွှတ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပေးရင်ကိုပဲ သူတို့က ဒါကို တရားမျှတပြီးတော့မှ မြန်မာပြည်မှာ ပွဲပြီးသွားပြီဆိုတဲ့ ယူဆချက်မျိုး သူတို့မှာ ရှိတယ်။ အဲဒီနှစ်ခုထဲက ပထမတခုကတော့ အားလုံးရဲ့ တွေးဆမယ်ဆိုရင်တော့ ဒါဟာကျနော်တို့ လိုချင်တဲ့ အချက်ပဲ။ ဒါပေမယ့် အဲဒါဟာ တဖက်ကကြည့်ရင်တော့ ဘာဖြစ်နေလဲဆိုတော့ စိတ်ကူးရင်ဆန်နေတယ်။ ဒီလောက်အချိန်ကလေးအတွင်းမှာ ဒါဖြစ်ပါ့မလား ဆိုတာကတော့၊ ဒုတိယအချက်မျိုးနဲ့ စဉ်းစားပြီးတော့ ဘန်ကီမွန်းက ပြောတယ်ဆိုရင်တော့ အဲဒါက ကျနော်တို့ လိုလားတဲ့ လိုအပ်ချက် ရည်ရွယ်ချက်တွေကို ပျောက်ပျက်နိုင်သေးမှာ မဟုတ်ဘူး။”

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့တော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ပြစ်တင်ပြောဆိုနေတာတွေ လောလောဆယ်မရှိသေးပေ။ မနက်ဖြန်ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့ ထိပ်သီးအစည်းအဝေးမကျင်းပခင် ဒီကနေ့မှာတော့ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံကြတယ်လို့ သိရပါတယ်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖီလစ်ပိုင်နိုင်ငံသမ္မတ ဘင်နစ်နိုအကွိနိုကတော့ မြန်မာစစ်အစိုးရကျင်းပမယ့် ရွေးကောက်ပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့အတွက် အများယုံကြည့်လက်ခံနိုင်စွမ်းမရှိတော့ဘဲ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ရယ်စရာ သက်သက်ဖြစ်နေပြီလို့ ဝေဖန်သုံးသပ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး သတင်းစာရှင်းလင်းပွဲပြုလုပ်


အံ့ဘုန်းမြတ် (၂၇ အောက်တိုဘာလ ၂၀၁၀) (ဒီဗွီဘီ)

ဒီကနေ့ ညနေပိုင်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆယ်မြောင်းရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးဌေးဦးက ရန်ကုန်မှာ သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းသစ်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရုံးချုပ်မှာ ဒီညနေ ၃ နာရီလောက်က စတင်ပြုလုပ်ခဲ့တာပါ။ ဒီသတင်းစာရှင်းလင်းပွဲကို ရန်ကုန် အခြေစိုက် ပြည်ပမီဒီယာတွေ၊ ပြည်တွင်း သတင်းဂျာနယ်တွေက သတင်းထောက်တွေ၊ အယ်ဒီတာတွေ တက် ရောက်ခဲ့ကြပါတယ်။     ကြံ့ခိုင်ရေးပါတီကတော့ ရန်ကုန်မြို့တော် ဦးအောင်သိန်းလင်းနဲ့အတူ အခြား ပါတီဝင်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ နယ်မဲဆန္ဒနယ်မြေရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် ဦးဌေးဦးက သူတို့ပါတီက ထုတ်ပြန်ထားတဲ့ ပါတီမူဝါဒစာအုပ်ထဲက အကြောင်း အရာတွေကိုပဲ အဓိက ပြောကြားခဲ့ပြီးတော့ အချက်တချက်ချင်းကို ဘယ်လို အကောင်အထည်ဖော်မယ်ဆိုတာ မျိုးတွေကို ပြောကြားခဲ့ပါတယ်။ ဒါအပြင် ကြံ့ခိုင်ရေးပါတီရဲ့ မဲအောင်နိုင်ရေး အစီအစဉ်တွေနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာတွေကိုလည်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ထူးထူးခြားခြားအနေနဲ့ကတော့ သူတို့ရဲ့ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ကိုယ်စားလှယ်လောင်းနေရာ ၁၁၅၈ နေရာလုံးမှာ မှာ မယှဉ်ပြိုင်နိုင်ပဲ ၁၁၁၂ နေရာမှာပဲ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီးတော့ ကြံ့ခိုင်ရေးပါတီက မ၀င်နိုင်တဲ့ မဲဆန္ဒနယ် ၄၀ ကျော်မှာ ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူးလို့ လဲ ပြောဆိုပါတယ်။

တက်ရောက်လာတဲ့ သတင်းထောက်တွေကတော့ ကြံ့ခိုင်ရေးပါတီအနေနဲ့ ဝေဖန်ဆွတ်ဆွဲခံနေရတာတွေနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ကြသလို ။ ရွေးကောက်ပွဲ ကြံ့ခိုင်ရေးပါတီက အောင်နိုင်မယ်လို့ ယူဆထားပြီးဆိုရင် သမ္မတလောင်းအတွက် ဘယ်သူတွေကို ရွေးချယ်တင်မြောက်ဖို့ ပြင်ဆင်ထားတယ်ဆိုတဲ့ အကြောင်းအရာတွေကအစ လက်တလော ရွေးကောက်ပွဲအကြိုကာလ ကြုံတွေ့နေရတဲ့ အင်တာနက်လိုင်း ဖျတ်တောက်မှုတွေ ကောင်းမွန်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အကြောင်းအရာတွေကို အဆုံး မေးမြန်းခဲ့ကြတယ်လို့ တက်ေ၇ာက်ခဲ့တဲ့ အယ်ဒီတာအချို့က ပြောပါတယ်။ ဒါအပြင် ရွေးကောက်ပွဲကျင်းပရေး ကော်မရှင် ဥက္ကဌက ရွေးကောက်ပွဲမှာ ပြည်ပမီဒီယာတွေနဲ့ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ကို ၀င်ခွင့် မပေးဘူးလို့ ပြောဆိုတဲ့တဲ့အပေါ် ကြံ့ခိုင်ရေးပါတီရဲ့ အမြင်တွေ။ ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်မ၀င်ခင် နိုင်ငံတော်အလံတော် သစ်တွေကို အေးချမ်းဖြိုးကောင်စီက စတင်အသုံးပြုနေတာတွေနဲ့ ပတ်သက်ပြီး မေးမြန်း ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒါပေမယ့် ဦးဌေးဦးအပါအ၀င် ကြံ့ခိုင်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေအနေနဲ့ သတင်းထောက်တွေ ရဲ့ မေးမြန်းချက်တွေကို တိတိကျကျ။ အသေးစိတ် ပြန်လည်းဖြေဆိုနိုင်ခြင်း မရှိပဲ နအဖကောင်စီအဖွဲ့ဝင်တွေရဲ့ ထုံးစံအတိုင်း ဝေ့လည်ကြောင်ပတ်ပဲ ဖြေဆိုသွားတယ်လို့လည်း သတင်းဂျာနယ် အယ်ဒီတာတွေက ပြောပါတယ်။

အန်ဒီအက်ဖ်ပါတီ မဲဆွယ်ဆိုင်းဘုတ် ခိုးယူခံရ


အေကေတီ ၂၇ အောက်တိုဘာ ၂၀၁၀ (ဒီဗွီဘီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အမျိုးသားဒီမို ကရေစီအင်အားစုပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ် ခိုးယူခံခဲ့ရတယ်လို့ အန်ဒီအက်ဖ်ပါတီ ကိုယ်စားလှယ်လောင်း ဦးမာခါးက ပြောပါတယ်။

အခုလ ၂၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် ၁၀ မိုင်ကျေးရွာမှာ ထောင်ထားတဲ့ အန်ဒီအက်ဖ်ရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ အခိုးခံခဲ့ရတာဖြစ်ပြီး ခိုးယူသူတွေဟာ နယ်မြေခံ ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ ဖြစ်တယ်လို့ စုံစမ်းသိရကြောင်း ဦးမာခါးက ပြော ပါတယ်။

အန်ဒီအက်ဖ်ပါတီရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို ကြံ့ခိုင်ရေးပါတီဝင်တွေက ခိုးယူဖျက်ဆီးခဲ့တာနဲ့ ပတ်သက်လို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့လည်း ဦးမာခါးက ပြောပါတယ်။

နိုဝင်ဘာ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲမှာ သူ့အနေနဲ့ မြစ်ကြီးနားမြို့နယ် ပြည်သူ့လွှတ်တော်အမတ်နေရာအတွက် ကြံ့ခိုင်ရေးပါတီက ဆက်သွယ်ရေး စာတိုက်ကြေးနန်းဝန်ကြီး ဦးသိန်းဇော်နဲ့ အဓိက ပြိုင်ရမယ့် အခြေအနေရှိနေတယ် လို့လည်း ဦးမာခါးက ပြောပါတယ်။

ကြံ့ခိုင်ရေးဆိုင်းဘုတ်ကို ဆေးနီ၊ ဆေးမည်းများဖြင့် ပက်ဖျန်း


နော်နိုရင်း ၂၇ အော်တိုဘာ ၂၀၁၀ (ဒီဗွီဘီ)

ကြံ့ခိုင်ရေးပါတီရဲ့ ဆိုင်းဘုတ်တွေကို ဆေးနီ ဆေးမည်းတွေနဲ့ ပက်ဖျန်းတဲ့အပြင် ဓားးတွေနဲ့လည်း ဖျက်ဆီးမှု ဖြစ်ပွားလျက် ရှိပါတယ်။ အခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း သုံးခွမြို့နယ်နဲ့ ခရမ်းမြို့နယ်တွေမှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဆိုင်းဘုတ်တွေကို ဆေးနီ၊ ဆေးမည်းတွေနဲ့ ပက်ဖျန်း ဖျက်ဆီးခဲ့တယ်လို့ သုံးခွမြို့ခံတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ မနက်စောစော ကားနဲ့ထွက်တဲ့အခါမှာ လူတွေအုံကြည့်နေတာ တွေ့တော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဆိုင်းဘုတ်တွေကို ဖြုတ်ချ နေတယ်ဗျ။ ဘာလို့ ဖြုတ်ချလဲဆိုတာ ကြည့်တော့ ဒီဆိုင်းဘုတ်တွေမှာ ဆေးအမည်းတွေနဲ့ ပက်ထားတာ နေရာအနှံ့ပဲ။ နောက်ပြီးတော့ မင်နီတွေနဲ့လည်း အမှန်ဆိုတဲ့ နေရာကို အမှားတွေ ခြစ်ထားတာပေါ့နော်။ တချို့ကလည်း စာရေးတယ်လို့ ပြောတယ်။ ကြည့်ရတာတော့ အနီနဲ့ရော ဘာနဲ့ပေါ့၊ နေရာအနှံ့မှာ လုပ်တယ်ဗျ။”

မနေ့ကလည်း သုံးခွမြို့နယ် ၁၂ ရပ်ကွက်ထိပ်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ဆိုင်းဘုတ်တွေကို ဓားနဲ့မွှမ်းထားတာတွေ့ရပြီး ခရမ်းမှာလည်း ကွမ်းတံတွေးတွေနဲ့ ပက်ထားတယ်လို့ ကြားရကြောင်း သုံးခွမြို့ခံက ပြောပါတယ်။

ဒီဖျက်ဆီးမှုတွေကို ဘယ်သူဘယ်ဝါလုပ်လဲဆိုတာ မသိရတဲ့အတွက် ကြံ့ခိုင်ရေးပါတီတာဝန်ရှိသူတွေက အဖွဲ့ဝင်တွေကို ဆိုင်းဘုတ်တွေနားမှာ စောင့်ခိုင်းထားသလို ညဘက်မှာလည်း ရဲတွေက မြို့ထဲ၊ရပ်ကွက်ထဲမှာ ကင်းစောင့်ပေးနေရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဂီရိဒဏ်ခံဒေသတွေမှာ ကြံ့ခိုင်ရေးပါတီ နိုင်ငံရေးအမြတ်ထုတ်


အံ့ဘုန်းမြတ် (၂၇ အောက်တိုဘာ ၂၀၁၀) (ဒီဗွီဘီ)

ရခိုင်ပြည်နယ်ထဲက ဂီရိဆိုက်ကလုန်းမုန်တိုင်းဒဏ်ခံ ပြည်သူတွေကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက နိုင်ငံရေးအမြတ်ထုတ် ကူညီလှူဒါန်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

မုန်တိုင်ဒဏ် အဓိကခံစားခဲ့ရတဲ့ ရခိုင်ပြည်နယ်ထဲက ကျောက်ဖြူ၊ မြေပုံ၊ မာန်အောင်၊ မင်းပြား၊ ရန်းဗြဲနဲ့ အမ်းစတဲ့ ကျွန်းစုမြို့နယ်တွေထဲက ကျေးရွာတွေကို အကူအညီပေး လှူဒါန်းမှုတွေပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေက ပါတီအလံထောင် နိုင်ငံရေးအမြတ်ထုတ် လုပ်ဆောင်နေတယ်လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီဥက္ကဌ ဒေါက်တာအေးမောင်က ပြောကြားလိုက်ပါတယ်။

“မြေပုံမြို့နဲ့ ထိစပ်တဲ့ ပေါက်တောမြို့နယ်ရဲ့ ဧရိယာတွေကို အဲဒီမှာ သွားထိတယ်။ အဲဒီမှာ ခုနက ငဒီကြိုင်တို့ ငဒက်ဘက်ကြိုင်တို့ဘက်မှာ ၉ ဦးသေတယ်။ အဲဒီဘက်ကို လှူတဲ့တန်းတဲ့ဟာကို ဘုတ်တွေပေါ်မှာ ကြံ့ခိုင်ရေးအလံတိုင်ထောင် ပြီးသွား-ကတာတွေ့တယ်တဲ့။ ကျနော်တို့ကို မြို့နယ်ပါတီက ပေါက်တောက သတင်းပေးပါတယ်”

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီအနေနဲ့လည်း သွားရောက်လှူဒါန်းဖို့ အသင့်ဖြစ်နေပေမယ့်လည်း ပြည်နယ်ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတာကြောင့် ချက်ချင်းမသွားရောက်နိုင်သေးပေမယ့် ကြံ့ခိုင်ရေးပါတီကတော့ ကော်မရှင်ခွင့်ပြုချက် ယူဖို့မလိုဘူးလို့လည်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ကျနော်တို့ကတော့ လှူဖို့ရှိနေပါတယ်။ ကော်မရှင်ကို တင်ထားပါတယ်။ ကျနော်တို့ကတော့ ပါတီအလံထောင်တာတို့ ဘာတို့ မလုပ်ပါဘူး။ ကျေးရွာတွေကို သွားပြီးတော့ မြို့နယ်ပါတီကိုပဲ အပ်မှာပါ။ မြေပုံမြို့နယ်ကို ကျနော်တို့လည်း ဒီမှာစဉ်ဆက်မပြတ် အလှူခံပြီးတော့မှ မြို့လူထုလှူတဲ့ ပိုက်ဆံတွေပါ။ ကျနော်တို့က ကိုယ်စားလှူပေးတဲ့ သဘောပါပဲ။ အဲဒါမျိုး အလံတွေ ထောင်တာတွေ ဘာတွေ ကျနော်တို့မှာ မရှိပါဘူး။”

ဒီလိုကြံ့ခိုင်ရေးပါတီရဲ့ နိုင်ငံရေးအမြတ်ထုတ် လှူဒါန်းမတြွေ ပြုလုပ်နေတဲ့အ ပေါ် ရခိုင်ပြည်နယ်အခြေဆိုက် ကမန်အမျိုးသားတိုးတက်ရေးပါတီ ဥက္က့ ဦးဇော်ဝင်း ကလည်း အခုလို ပြောဆိုပါတယ်။

“စေတနာအမှန်နဲ့ဆိုရင် ပြောစရာမရှိပါဘူး။ လူတွေကလည်းသိပါတယ် စေတနာမှန်တယ်၊ မမှန်ဘူးဆိုတာ။ ကလေးတွေမှမဟုတ်တာ။ ကျနော်တို့ပါတီအနေနဲ့ ပြောရင်တော့ ကျနော်တို့ အဲလောက် ထောက်ပံ့ပေးနိုင်တဲ့၊ ကူညီနိုင်တဲ့ အနေအထားတော့ မရှိဘူးပေါ့။ ပြည်ခိုင်ဖြိုးတို့ဘာတို့ကျတော့လည်း အင်အားတောင့်တင်းတဲ့ ပါတီဖြစ်တဲ့အတွက်ကြောင့် ပါတီရဲ့ စည်းရုံးရေးသဘောနဲ့ သူတို့မဲ ရရှိရေးအတွက် အကြောင်းပြုပြီးတော့ လေဘေးကယ်သလို လုပ်ပြီးတော့ အမြတ်ထုတ်တယ်ဆိုရင်လည်း လူထုကတော့ သိပါတယ်။ ပေးတာတော့ ယူမှာပဲလေ။ ဒုက္ခရောက်နေတဲ့ သူဆိုတော့။ မဲပေးတာတော့ သူကြိုက်တဲ့သူပဲ ပေးမယ်လို့ ထင်ပါတယ်”

Follow

Get every new post delivered to your Inbox.

%d bloggers like this: